မလှိုင် နိုဝင်ဘာ ၈
မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ.ထ.က. (ဆည်တို) ကျောင်းအုပ်ဆရာကြီး ဦးဝင်းမိုးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်တက်ကြွနိုးကြားလာပုံတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ဟောပြော ပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများက မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲတွင်ပြသထားသော သုတ/ရသစာအုပ်များ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်းစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်မျိုးစုံတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)