တီးတိန် အောက်တိုဘာ ၂၆
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီပိုးချည်စက်သစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ က တီးတိန်မြို့ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၌ ပြုလုပ်သည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဦးမန်ဟင်းဒါလ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူဂင့်ကမ်းလျန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူထန်ဒိတ်ခုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးတို့က စက်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးဦးမန်ဟင်းဒါလ်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆလိုင်းဒယ်နီရယ်ထွန်းတင်က ခေတ်မီပိုးချည်စက်သစ် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးနှင့်တာဝန်ရှိသူတို့က စက်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်စီးမှူးနှင့်တာဝန်ရှိ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူ များတက်ရောက်သည်။
အဆိုပါစက်သစ်သည်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း (၃၀၀၀) ကျော်နှင့် ဝယ်ယူကာ ခေတ်ကာလနှင့် လျော်ညီသည့် အရည်အသွေးမြင့် ပိုးချည်ထုတ်လုပ်၍ နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ရစ်တိုင်(၄၀)ပါ ခေတ်မီပိုးချည်စက်ဖြစ်ပြီး တစ်နှစ်လျှင်ပိုးချည်ပေါင် (၂) တန်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်ခြင်းဖြင့် ပိုးစာပင် စိုက်ပျိုး၊မွေးမြူတောင်သူများ လူနေမှုဘဝမြင့်မားကာချင်းပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ် ကြောင်းသိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)