မင်းတပ် အောက်တိုဘာ ၂၆
မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ လူနာအမှတ် (၂၃၁၃၆) ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဆေးရုံဆင်းခွင့်လက်မှတ် ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့လည်း နောက်ထပ်ရောဂါကူးစက်မှုတွေ မဖြစ်အောင် မြို့အဝင်အထွက် ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေကို နေ့စဉ် ဆောင်ရွက်နေပါတယ်၊ အခု Quarantine ဝင်တဲ့သူတွေနဲ့ ဆေးကုသမှုခံယူတဲ့ သူတွေအားလုံး အောက်တိုဘာလ(၃၀)ရက်နေ့အပြီး ဆေးရုံဆင်းခွင့်ရကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၄)ဦးနှင့် Quarantine Center (၃)ခုတွင် အသွားအလာကန့်သတ် စောင့်ကြည့် ခံရသူ (၂၁)ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)