မတူပီမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

မတူပီ    အောက်တိုဘာ     ၂၆

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်းတန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မတူပီနှစ်ခြင်းဘုရားရှိခိုးကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအဲလ်စန်းတွဲက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် တို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများမှ မဲရုံဖွင့်လှစ်ရန်ပြင်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ဘေးကင်း လုံခြုံမှု၊ မဲရုံမှူးများ ရယူထားရမည့် ပုံစံများနှင့် မဲရုံသုံး ပစ္စည်းများ အကြောင်း ရှင်းလင်းခြင်း၊ မဲရုံအဖွဲ့ဝင်များ လုပ်ဆောင်ရမည့် ဆောင်ရန်‌၊ ရှောင်ရန်အချက်များ၊  အကူအညီလိုအပ်နေသူ မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ပယ်‌မဲ၊ ခိုင်လုံမဲပေးခြင်းတို့ကို လက်တွေ့သင်တန်းပို့ချခဲ့သည်။

ယခုဖွင့်လှစ်သော သင်တန်းကို မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူး(၁၅၀)ဦးကို ပထမသုတ် ၂၅ ရက် နှင့် ၂၆ ရက် (၂)ရက်တာ ဖြင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ (၂)နေရာခွဲ၍ သင်တန်းပို့ချပေးပြီး မဲဆန္ဒနယ် အမှတ်(၁) မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၁၅၀)ဦး ဒုတိယသုတ် အဖြစ် အောက်တိုဘာ(၂၇) ရက်နှင့် (၂၈)ရက်နေ့တွင်ဆက်လက်ဖွင့်လှစ်  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၇၂)အုပ်စုတွင် မဲရုံပေါင်း (၁၅၀)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၈၆၆၀)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ခရိုင်(ပြန်/ဆက်)