တနင်္သာရီ အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတခရိုင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ မဲရုံများတွင်အသုံးပြုရန်အတွက် မဲပုံးများ၊မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်မှစ၍ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများထံသို့ စတင်ထုတ်ပေးကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရှိရသည်။
ယင်းသို့ မဲရုံသုံးပစ္စည်းများကိုထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့်ပတ် သက်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့်ပညာပေး ဗွီဒီယိုခွေ၊ သိမှတ်
ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်းစာအုပ်များ၊ မဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များကိုယ်တိုင် လာရောက်ထုတ်ယူကြကြောင်း၊ တနင်္သာရီ မြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂၁)အုပ်စု၊ စုစုပေါင်း(၂၆)စုတွင် မဲရုံ(၉၇) ရုံရှိပြီး၊ မဲဆန္ဒရှင်ပြည်သူ (၈၀၀၀၀)ကျော် ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)