ကျောက်ဆည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀) နာရီအချိန်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ အတွေးအမြင်များဖလှယ်နိုင်ရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)က ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်း ခံယူရုံမျှမက တစ်ကိုယ်ရေကျန်းမာရေးပြည့်စုံရေး၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင် ဆက်ဆံတတ်ရေး တို့သည့်လွန်စွာအရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
စာဖတ်ဝိုင်းတွင် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပါဝင်ဆွေးနွေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိန်းအမှတ်အကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအကြောင်း အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်၊(ကျောက်ဆည်)