ဗန်းမော်မြို့နယ်၌ မဲရုံသုံးပုံစံများ၊ မဲပုံးများ၊ ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

ဗန်းမော်     အောက်တိုဘာ      ၂၆

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ တွင်အသုံးပြုမည့် မဲရုံသုံးပုံစံများ၊ မဲပုံးများ၊ ခြင်းတောင်းများ၊ ဆန္ဒပြုခန်းများ၊ ဆန္ဒမဲလက်မှတ်များကိုရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများကို ယနေ့နံနက် ၉ နာရီက ထုတ်ပေးသည်။

အဆိုပါမဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  ကြိုတင်မဲနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် မဲရုံ၌ မဲပေးစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးသာဗျော ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်း ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းညီညီတို့က မှာကြားဆွေးနွေးခဲ့သည်။

ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ မဲရုံ(၆၉)ရုံအတွက် မဲရုံတွင်အသုံးပြုမည့် ပုံစံများ ၊ ဆန္ဒမဲလက်မှတ်များနှင့် စုစုပေါင်း မဲပုံး (၄၄၈)ပုံး ၊ ခြင်းတောင်း (၆၉၀)လုံး ၊ ဆန္ဒပြုခန်း (၇၁၁)ခန်းကို ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ထုတ်ပေးခဲ့ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်