တနင်္သာရီ အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာပေးကူညီမှုအသင်းက တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုသရေးလုပ်ငန်းနှင့်အရေးပေါ်ကာလများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ Patient Monitor စက် (တစ်)လုံးကို ယမန်နေ့ နံနက်၁၀ နာရီအချိန်က တကူ(စံပြ)တိုက်နယ်ဆေးရုံသို့ သွား ရောက်လှူဒါန်းကြောင်း သိရှိရသည်။
ယင်းသို့ လှူဒါန်းရာ၌ တနင်္သာရီမြို့နယ် ပညာရေးမိသားစု၏ ရွှေရီပညာစာနာပေးကူညီမှု အသင်းက ဦးဆောင်သူ ဆရာကြီးဦးအေးသန်းနှင့် ဆရာ/မများက ကာလတန်ဖိုးငွေ (၈၈၀၀၀၀)ကျပ် တန်ဖိုးရှိသည့် Patient Monitor စက်(တစ်)လုံးကို တကူ(စံပြ)တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည် ထံသို့လှူဒါန်းလွှဲပြောင်းပေးအပ်ရာ ဒေါက်တာဖြိုးမြင့်ကြည်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကြောင်း သိရသည်။
၎င်းတနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာပေးကူညီမှုအသင်းသည် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အရေးပေါ်အသုံးပြုနိုင်ရန်အတွက် ပထမအကြိမ်အဖြစ်၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့တန်ဖိုးငွေ(၆၅၀၀၀၀/-)ကျပ်ရှိ အောက်ဆီဂျင်စက်(တစ်)လုံးကိုလည်းကောင်း၊ (ဒုတိယ)အကြိမ်တွင် ကုတင်(၅၀)ဆံ့၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံမှာဆေးတင်စင်ပြုလုပ်ရန်အတွက် (၈၀၀၀၀၀/-)ကိုလည်းကောင်း စုပေါင်းလှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအကြိမ်ဆိုလျှင် (တတိယ)အကြိမ်၊လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)