ငွေဆောင်မြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်

ငွေဆောင်  အောက်တိုဘာ   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းနှင့် မဲရုံသရုပ်ပြ သင်တန်းကို ယနေ့နံနက် ၉  နာရီတွင် ငွေဆောင်မြို့ အ.မ.က(၁၂၇)တွင် ဖွင့်လှစ်သည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းက အမှာစကားပြောကြားပြီး ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ အဆိုပါ သင်တန်း တွင် ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်ဦးစိန်ဝင်း ၊ ဦးစိုးထွန်း ၊ ဦးဝင်းဇော် ၊ ဦးအောင်မြိုင် နှင့် ရှောက်ချောင်းကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော်တို့မှ လုပ်ငန်းလမ်းညွှန် သင်တန်း ဖွင့်လှစ်ပို့ချရာတွင် ပုံစံများ၊ ပုံစံ(၁၆) စာရင်းပြုစုခြင်း၊ ထုတ်ပိုးခြင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်း၊ လက်မှတ်စစ်ဆေး ထုတ်ပေး ခြင်း ၊ မဲရေတွက်ခြင်း၊ လုံခြုံရေး၊ ခိုင်လုံမဲ နမှုနာ ပုံစံများ ပယ်မဲနမှုနာပုံစံများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်း ချုပ်ရေး နည်းလမ်းများနှင့်အညီ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်စသည့် အချက်များအား စာတွေ့ လက်တွေ့ ပို့ချပေး သွားမည်ဖြစ်သည်။

ငွေဆောင်မြို့တွင် မဲရုံ(၂၃)ရုံရှိပြီးသင်တန်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကျေးကော်မရှင် အတွင်းရေးမှူး နှင့်အဖွဲ့ဝင်(၄၆) ဦးတက်ရောက်လျက်ရှိကြောင်း၊ အ.မက(၁၂၇)ကျောင်းဝန်း အတွင်း၌ နှစ်နေရာခွဲ၍ သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)