ကန်ပက်လက် အောက်တိုဘာ ၂၆
၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (အမှတ်စဉ်-၂) မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းပို့ချခြင်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့အခြေခံပညာ အထက်တန်းကျောင်း (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ကြသည်။
သင်တန်းပို့ချရာတွင် မြို့နယ်ဥပဒေအရာရှိက သင်တန်းသားများရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတများ၊ မဲရုံအတွင်းဝင်ရောက်ခွင့်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ ကို လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးက မဲရုံတည်နေရာ ကြိုတင်ပြင်ဆင်မှုများ၊ (COVID-19) ရောဂါကြိုတင် တားဆီးနိုင်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ မြို့နယ်ကော်မရှင် အဖွဲ့ဝင် တစ်ဦးက မဲရုံဖွင့်ခြင်း၊ မဲပေးခြင်းလုပ်ငန်းများ၊ မဲရေတွက်ခြင်း၊ မဲရလာဒ်များထုတ်ပြန်ကြေညာခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်းလင်း ဆွေးနွေးပါသည်။
အဆိုပါသင်တန်းမှာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (အမှတ်-၂) မဲရုံစုစုပေါင်း (၄၂) ရုံ မှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၈၄) ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စံနှင့်အညီ အခန်း(၃)ခန်းခွဲ၍ အောက်တိုဘာ (၂၆) ရက်မှ (၂၇) ရက်နေ့အထိ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)