စဉ့်ကိုင် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံများတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရေး ဓာတ်ခွဲနမူနာများ ရယူခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲနမူနာများရယူရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာအေးလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးရဲဗလညွှန့်ဌေးတို့ကကြီးကြပ်၍ ဒေါက်တာ သိမ့်အိသူ ဦးဆောင်ပြီး ကျန်းမားရေးဝန်ထမ်းများ မြို့နယ်ပရဟိတအဖွဲ့ဝင်များမှ ပူးပေါင်း၍ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၄၂) ဦးတို့၏ နှာခေါင်း တို့ပတ် အာခေါင်တို့ပတ်တို့အား ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲ ဌာနသို့ ပေးပို့စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများရယူခဲ့သော မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၄၂) ဦး၏ ဓာတ်ခွဲအဖြေများသိရှိရပါက ပြည်သူများသိရှိနိုင်ရေး အချိန်နှင့် တပြေးညီး ပြန်လည်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အောင်ပိုင်ပိုင်ကျော်(ပြန်/ဆက်)