ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်း နယ်စပ် ဂိတ်မှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ စစ်ဆေးပြီး ပြန်လည်လက်ခံ

ကော့သောင်း  ဖေဖေါ်ဝါရီ  ၂၆

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၅၄ ဦး ၊ အမျိုးသမီး ၉ ဦး စုစုပေါင်း အလုပ်သမား ၆၃ ဦးကို  ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်း လူဝင်မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည် လွှဲပြောင်း ပေးအပ်ရာ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီး ပြန်လည် လက်ခံ ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆို လက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ သံသယရှိသူများ ပါဝင်လာခြင်းရှိ၊ မရှိ စမ်းသပ် စစ်ဆေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေး Mark များ တစ်ဦးချင်းစီသို့ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ယင်းသို့လာရောက် လွှဲပြောင်းပေးအပ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ ကူးစက်ခံရသည့် သံသယ ဖြစ်သူများပါဝင်လာခြင်းမရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)