တံတားဦး၊ အောက်တိုဘာ ၂၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် လယ်ယာမြေစီမံခန့်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီက အောင်သာကျေးရွာအုပ်စု နွားတပ်ကျေးရွာတွင် လယ်ယာမြေများ၊ ကျေးရွာချင်း ဆက် ကုန်ထုတ်လမ်းများ ပျက်စီးမှုကို ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည် ။
ကွင်းဆင်းစစ်ဆေးရာတွင် အောင်သာကျေးရွာအုပ်စု နွားတပ်ကျေးရွာ ကွင်းအမှတ် (၁၄၃၉/ခ) စမုံတိမ်ကွင်းတွင် ကျောက်ဆည်ခရိုင်၊ စဉ်းကွန်းကျေးရွာနေ တောင်သူ(၂)ဦးမှ မိမိတို့လုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိမြေ အတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် စက်ယန္တရားဖြင့် စမုံတိမ်ရေဆိုးထုတ် မြောင်းအား ပိတ်ဆို့ခဲ့သဖြင့် ရေဆိုးများစီးဆင်းခြင်းမရှိဘဲ အနီးရှိ လယ်ယာမြေများနှင့် ကျေးရွာချင်းဆက်ကုန်ထုတ်လမ်းများပေါ်သို့ စီးဆင်းသောကြောင့် လယ်ယာမြေနှင့် ကုန်ထုတ်လမ်းများ ပျက်စီးလျက်ရှိရာ စမုံတိမ်ရေဆိုးထုတ်မြောင်းပိတ်ဆို့ထားသဖြင့် အနီးရှိမိုးစပါးနှင့်အခြားသီးနှံစိုက်ဧကများ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရသဖြင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ရေဆိုးထုတ်မြောင်း အား မူလအတိုင်း ရေများစီးဆင်းရေးအတွက် တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။
ထို့နောက် တာဝန်ရှိသူများသည် စိုက်ပျိုးထားသော မိုးစပါးများ၊ အခြားသီးနှံစိုက်ဧကများအား ကွင်းဆင်းစစ်ဆေးကြပြီး စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမရှိစေရေးအတွက် ရေဆိုးထုတ်မြောင်း ပြန်လည်ဖောက်လုပ်စေခြင်း၊ ရေစီးမြောင်းတလျှောက် ပိတ်ဆို့မှုမရှိရေး အခြားလယ်ယာမြေများနှင့် ကျေးရွာချင်းဆက်ကုန်ထုတ်လမ်း ထိခိုက်မှုမရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင် တစ်ဦးထံမှသိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)