မိုင်းနောင် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းနိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြင်ပစာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် အထွေထွေဗဟုသုတများ တိုးတက်ရရှိစေရေး၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များဖတ်ရှု စိတ်အပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)