ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ကွန်ဟိန်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင်  မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမိုင်းအောင်ဖေမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းကိုလည်းကောင်း၊ မြို့နယ် ဥပဒေရုံးမြို့နယ် ဥပဒေအရာရှိ ဦးဇင်ကိုမင်းမှ ပဠိပက္ခအတွင်း လိင်အကြမ်းဖက်မှုနှင့် ဥပဒေအကြောင်းကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးမှ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အကြောင်း ကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးမှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းအကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်က ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအကြောင်းတို့ကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သက်ဦးမှ အမှိုက်စို/အမှိုက်ခြောက် ခွဲခြားအသုံးပြုနိုင်ရေးအတွက် လက်တွေ့သရုပ်ပြ လုပ်ဆောင်ခြင်းများကို ဆောင်ရွက်စေခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်း၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)