မိုးညှင်းမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၀၆ ရုံတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချ

မိုးညှင်း   အောက်တိုဘာ    ၂၆

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး က ကြီးမှူးဖွင့်လှစ်သည့် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းပို့ချမှုကို ယနေ့နံနက် (၉) နာရီအချိန်တွင် မိုးညှင်းမြို့ရှိအခြေခံပညာ အထက်တန်း ကျောင်းများ ဖြစ်သည့် အထက-၁နှင့် အထ က-၂တို့ရှိခန်းမများ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံအေးက အဖွင့်အမှာ စကားပြောကြားရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတွင် အရေး ကြီးဆုံးဖြစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်၍ ဂရုတစိုက်ဖြင့် လိုက်နာမှတ်သားကြစေလိုကြောင်း၊ ယခုရွေးကောက်ပွဲသည် ကမ္ဘာ ကပ်ရောဂါ နှင့်အတူ ဆောင်ရွက်ရမည်ဖြစ်သဖြင့် အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့်သင်တန်းသို့ မြို့နယ်အတွင်းရှိမဲရုံပေါင်း ၁၀၆ ရုံမှ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူး စုစုပေါင်း ၂၁၂ ယောက်ကို အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အထက -၁နှင့်အထက-၂ တို့တွင် နေ့စဉ် နံနက်၉နာရီမှညနေ၅နာရီအထိ (၃)ရက်ခွဲ၍ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် ရွေးကောက်ပွဲနေ့ မဲရုံအတွင်း လိုက်နာဆောင် ရွက်ရမည့် ကျန်းမာရေးသိမှတ်ဖွယ်ရာများ၊ မဲပေးခြင်းနှင့်မဲရုံတွင်အသုံးပြုပုံစံများ၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များထုတ်ပြန်ကြေညာခြင်း၊ မဲရုံဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ အစရှိသည့် သင်ခန်းစာများကို သက်ဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)