ပန်လုံမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းဆောင်ရွက်

ပန်လုံ  အောက်တိုဘာ၂၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကျန်းမာရေး ကြီးကြပ် (၂)ဒေါ်နန်းစိန်ညွှန့်၊ သားဖွားဆရာမ ဒေါ်နန်းလူတို့မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသစ်(HPV)ကို ယခုနှစ်မှစတင်ထည့်သွင်းထိုးနှံပေးခြင်း ဖြစ်ပြီး ပန်လုံမြို့ပေါ်(၈)ရပ်ကွက်နှင့် ရွှေကျင်ထု၊ ကမ်းပါးစေး၊ နမ့်ပါချီး၊ ရာခူကျိုင်း၊ ကျယ်ပါကျိုင်း၊ အာကိုကျိုင်း၊ မာန်ဟုန်ကိုး၊ ခွန်ကော်ကျိုင်းကျေးရွာများရှိ အသက်(၉) နှစ်မှ (၁၀)နှစ် အထိ မိန်းကလေးငယ်(၆၂)ဦးကို ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဟိုပန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အမ်ဆင်း(မြို့နယ်သူနာပြု အဆင့်-၁)နှင့်အဖွဲ့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပန်လုံပြန်/ဆက်