ရွာငံ အောက်တိုဘာ ၂၆
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒပြုရန် ပြန်လည် ပေးပို့ လာသည့် ဆန္ဒမဲလက်မှတ်များအား ထည့်သွင်းနိုင်ရေး၊ မြို့နယ်ကြိုတင်မဲပုံးလုံခြုံရေး ကြိုးချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရွာငံမြို့နယ် ဗထူး ခန်းမဆောင်၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ထူးမှ လွတ်တေ်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ ရှေ့မှောက်တွင် ကြိုတင်မဲပုံးလုံခြုံရေးကြိုးများကို ချိတ်ပိတ်ပြီး ရွာငံမြို့နယ်တွင် ကြိုတင်မဲလျှောက်ထားသူများမှ မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းမှ ကြိုတင် ဆန္ဒမဲလက်မှတ်ရှင် ၃ ဦး၏ ကြိုတင်ဆန္ဒမဲလက်မှတ် ၉ စောင်ကို စာအိတ်အမှတ်စဉ်ရေး၍ ပုံစံ ၁၈ ၁ တွင် ဖြည့်သွင်းပြီးသော ကြိုတင် မဲလက်မှတ်ပုံးထဲသို့ ထည့်သွင်းသည်။
ထို့နောက် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ လုံခြုံရေးကြိုး အမှတ်စဉ်အား ဓါတ်ပုံရိုတ်မှတ်တမ်းတင်ကြသည်။ ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ စာရင်းကိုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)