မိုင်းဖြတ်၌ စည်ပင်သာယာရေးကော်မတီသို့ မီးသင်္ဂြိုလ်စက်နှင့် ငြိမ်းအေးဇရပ် လွှဲပြောင်းပေးအပ်

မိုင်းဖြတ်  အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်    ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းသည့် မီးသင်္ဂြိုလ်စက်နှင့် ငြိမ်းအေးဇရပ်အား မြို့နယ်စည်ပင်သာယာရေး ကော်မတီ သို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က မြို့မသုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စျေးတန်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်၊ ဘဒ္ဒန္တဓမ္မပါလ (နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်)ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး  သံဃာတော်အရှင် သူမြတ် တို့က မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရယ်စယ်ကြသည်။

ထို့နောက် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အလှူရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဦးစိုင်းနွန် (ရွှေရေကန်)တို့က ဆောက်လုပ်ပြီးစီးသည့် မီးသင်္ဂြိုလ်စက်နှင့် ငြိမ်းအေးဇရပ် မှတ်တမ်း အား မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆပ်ကပ် ခဲ့သည်။

အဆိုပါ မီးသင်္ဂြိုလ်စက်နှင့် ငြိမ်းအေးဇရပ်အားဆောက်လုပ်လှူဒါန်းခြင်းကို တာချီလိတ်မြို့၊ နဂါးနှစ် ကောင်ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ ဘဒ္ဒန္တဓမ္မသီရိ (နိုင်ငံတော်သြဝါဒစရိယ) နှင့် မိုင်းဖြတ်မြို့၊ စျေးတန်းကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပါလ(နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်)တို့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့်မိသားစု၊ တာချီလိတ်မြို့ ဦးစိုင်းနွန်(ရွှေရေကန်)မိသားစုနှင့် ခုနှစ်ရက်သားသမီးများက စုစုပေါင်းတန်ဖိုးငွေ ၇၁.၉၃၇ ကျပ်သန်းခန့် အကုန်ကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)