ညောင်ဦး အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများ ကိုဗစ်-၁၉ ရောဂါကာလဖြစ်သော်လည်း ဖီးကြမ်း ငှက်ပျောထွက် သလောက် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု၊ ကျေးရွာများ သည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား မြေအောက်ရေ အသုံးပြု၍ စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက် မြစ်ရေတင်ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ် မြစ်ရေတင်ရေဖြင့် လည်းကောင်း စိုက်ပျိုးကြကာ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများအောင်မြင်ဖြစ်ထွန်းနေ ကြကာဖီးကြမ်း ငှက်ပျောခုတ်ချိန် (ပေါ်ချိန်) ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
လက်ပံခြေပေါ် ဖီးကြမ်းငှက်ပျော စိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ဆယ်လ၊ ဆယ့်တစ်တွင် ငှက်ပျောစတင်ပေါ်ကာ ရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံး ဈေးသည်လည်း ငှက်ပျောဖီး အရေ အတွက်အပေါ်မူတည်ကာ ဈေးသတ်မှတ် ရောင်းချကြောင်းသိရပြီး ငှက်ပျောတစ်ဖီး ၈၀၀ ကျပ်ဖြင့် ရောင်းကြပြီး၊ ငှက်ပျောခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ၆၄၀၀ ကျပ် သတ်မှတ်ရောင်းချကာ ၁၀ ဖီးခိုင်တစ်ခိုင် ၈၀၀၀ ကျပ်သတ်မှတ်ရောင်းချပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပြောမှန်သမျှ ကိုဗစ်-၁၉ ရောဂါကာလ ဖြစ်သော်လည်း ဈေးနှုန်းကောင်းဖြင့် ရောင်းချ နေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။ ငှက်ပျောသီးနှံ စိုက်ပျိုးခြင်း သည် အလုပ်များနေ၍ပြစ်ထား လျှင်ပင်မသေဘဲ၊ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့် သီးနှံ အမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများက ပြောပြကာ ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ်ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင် သားတက်ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးကြောင်း သိရပြီး ငှက်ပျောခြံထိ ငှက်ပျော ပွဲစားများလာ ရောက်ဝယ်ယူခြင်းနှင့် ကားလမ်းမကြီး ချရောင်းချခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူမြို့ငှက်ပျောပွဲစားများ လာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ် ငှက်ပျောစိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်း လည်း ငှက်ပျောစိုက် တောင်သူများက ရှင်းပြ၍သိရသည်။
ကိုထိန်၊KPD