မန္တလေး အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင် ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သူများက သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက်နှင့် အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးသူများ အတွက် ဆန္ဒမဲလက်မှတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒမဲလက်မှတ်များကို သေချာစွာစိစစ်လက်ခံကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်များရှိ မဲရုံများအလိုက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကထုတ်ပေးကြရာ သက်ဆိုင်ရာ ရပ်ကွက်များမှ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိစစ်လက်ခံရယူကြသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် မြို့နယ် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အောင်မြေသာစံမြို့နယ်တွင် မဲရုံပေါင်း(၉၂)ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း (၁၈၆၂၅၅)ဦးနှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်ပေါင်း (၁၀၂၄) ဦးရှိကာ ကြိုတင် မဲပေးနိုင်သည့် အသက်(၆၀)နှစ်နှင့် အထက်ရှိသူပေါင်း (၂၅၈၀၂) ဦးရှိကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)