ကျောက်ဆည်မြို့တွင် မြန်မာ့နှမ်း GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မိုးလုံလေလုံပြည်သူ့ အားကစား ခန်းမတွင် ယနေ့ နံနက်  (၈)နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ကော်ပိုရေးရှင်း(IFC)တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့နှမ်း GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဒေါက်တာ စိုးသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက (GAP) စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ထားသည့် သီးနှံများအကြောင်းနှင့် ဈေးကွက် ရရှိပုံများအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC)မှ ဒေါက်တာအောင်ကျော်ဖြိုးက(GAP) စနစ်ဖြင့် စိုက်ပျိုးသည့် တောင်သူများအား အကူအညီပေးလျက်ရှိသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ တက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးနှင့် ပတ်သတ်သည့် ခင်းကျင်းပသထားသည့် မျိုးစေ့များပြခန်းများ ဆေးအမျိုးမျိုး ပြသထားသည့် ပြခန်းများနှင့် စိုက်ပျိုးရေး သုံး စက်အမျိုးမျိုးတို့အားကြည့်ရှုလေ့လာ ခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ မကွေးမြို့၊ မြင့်မြတ်တော်ဝင်ပွဲရုံမှ ဦးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီးမှ အထိန်တော်အသင်းဒုဥက္ကဋ္ဌ၊ ဦးဂျွန်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ၊ ဦးကျော်ကျော် တို့က မြန်မာ့နှမ်း အရည်အသွေး အဆင့်အတန်းများ၊ အလေးချိန်၊ ဈေးနှုန်း သတ်မှတ် ချက်နှင့် ရောင်ဝယ်ရေး အတွက် ချိတ်ဆက်ဆောင်ရွက်မှုများအကြောင်း ကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးရဲမင်းသောင်းက (GAP) စ နစ်ဖြင့် နှမ်းစိုက်ပျိုးမှုနှင့် မျိုးစေ့ ထုတ်လုပ်ဖြန့်ဝေမှုအကြောင်းများ၊ တိုင်းဒေသကြီး အစိုးရလမ်းညွှန်ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံကိန်း (Food Safety Project) အကြောင်းများကို လည်းကောင်း၊ မြို့နယ် နှမ်းစိုက်တောင်သူ အစုအဖွဲ့ခေါင်းဆောင် ဦးစိန်အောင်က အစုအဖွဲ့၊ ဖွဲ့စည်းခြင်းဖြင့် လုပ်ငန်းများ ပိုမို အောင်မြင်သည့် အကြောင်းများကို လည်းကောင်း၊ နှမ်းစိုက်တောင်သူ ဦးအောင်ခိုင်ဝင်းက (GAP) နှမ်းစိုက်ပျိုးပုံ ထုတ်လုပ်ပုံ အဆင့်ဆင့်အကြောင်းများ ကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)