တနင်္သာရီ အောက်တိုဘာလ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတခရိုင် တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ မဲရုံ(၉၇)ရုံတွင် အသုံးပြုရန်အတွက် မဲပုံးများ၊ မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့မှစတင်၍ထုတ်ပေးခဲ့ရာ ကျန်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံ ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့် ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေ၊ သိမှတ်ဖွယ် ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်းစာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ လုပ်ငန်း လမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများ ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ကိုယ်တိုင်လာရောက်ထုတ်ယူကြပြီး၊ တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်(၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁)အုပ်စု၊ စုစုပေါင်း(၂၆)စုတွင် မဲရုံ(၉၇)ရုံရှိ၍၊ မဲဆန္ဒရှင်ပြည်သူ (၈၀၀၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)