ပုလော အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ကျန်းမာရေး၀န်ထမ်းများ၊ ရဲတပ် ဖွဲ့၀င်များ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီး ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာ နေကြသည့် ခရီးသွား ပြည်သူများကို အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကို မကြာ ခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် စသည့်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်ခြင်း မရှိပါက ချက်ချင်း၀ယ်ယူ တပ်ဆင်စေခြင်း စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော −ပြန်/ဆက်)