ပြင်ဦးလွင် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၉) နာရီက ပြင်ဉီးလွင်မြို့၊ အထက (၄) ၊ ကံ့ကော်ခန်းမ၌ စတင်ထုတ်ပေးလျက် ရှိသည်။
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ( ၅၈ ) အုပ်စု ရှိ မဲရုံ (၂၀၀) ရုံအတွက် ကြိုတင် ဆန္ဒမဲ လက်မှတ်များ၊ မဲပုံးများ၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ ဆန္ဒပြုခန်းများ၊ လုံခြုံရေးကြိုးများ၊ မဲရုံမှူး တံဆိပ်တုံးများ၊ စာရေး ကိရိယာများ၊ မဲရုံပြင်ဆင်စရိတ်များ၊ စရိတ်ချီးမြှင့်ငွေများ စသည့်မဲရုံသုံးဆိုင်ရာ ပစ္စည်းများကို သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ စိစစ်ထုတ်ပေး လျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဉီးလွင်)