ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆိုလာမီးအိမ်နှင့် မီးဖိုများ ထောက်ပံ့ပေးအပ်

ဆမီး   အောက်တိုဘာ          ၂၇

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ဆိုလာမီးအိမ်နှင့် မီဖိုများကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် လိပ်ကုန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ဆန်၊ ဆိုလာမီးအိမ်နှင့်မီးဖိုများကို GRET Myanmar အဖွဲ့မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး တိုက်ပွဲရှောင် အိမ်ထောင်စု(၈၁၈)စု၊ ကျား(၁၅၉၃)ဦး၊ မ(၁၇၈၀)ဦး စုစုပေါင်း(၃၃၇၃)ဦးတို့ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်၊ ဆိုလာမီးအိမ်(၁)ခု၊ မီးဖို(၁)လုံးတို့ကို ပြည်သူ့မျှော်လင့်ချက်ဖွံ့ဖြိုးရေးအသင်း(PHCD)အဖွဲ့မှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တိုက်ပွဲရှောင်ပြည်သူများ ထမင်းချက်ပြုတ်သည့်အခါ ထင်းများ အခက်အခဲရှိပါက လွယ်လင့်တကူ ရရှိနိုင်သည့် ထင်းမျိုးနှင့် ချက်ပြုတ် စားသောက်နိုင်ရန်နှင့်IDP Camp များအားလုံးတွင် မီးမရနိုင်သေးသည့်အတွက် ထမင်းဟင်း ချက်ပြုတ်ရာတွင် လည်းကောင်း၊ မိသားစု အတူနေထိုင်ရာတွင် လည်းကောင်း အလင်းရောင်ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ဆိုလာမီးအိမ်များကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဖွဲ့အစည်းအနေဖြင့် ဆမီးမြို့တွင် ရောက်ရှိနေသော တိုက်ပွဲရှောင် ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများ မရှိစေရန်၊ တိုက်ပွဲရှောင်ပြည်သူများ ရသင့်ရထိုက်သော အခွင့်အရေးများကို ပြည့်ပြည့်ဝဝ ရရှိနိုင်ရေးအတွက် ကူညီပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် တာဝန်ခံ ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဦးဇော်လီအောင် ထံမှသိရသည်။

လဲ့လဲ့ခိုင်(ဆမီး)