ဖျာပုံ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌ စာရေးဆရာကဗျာဆရာ ဇေယျာဘုန်းမြင့်က စာမဖတ်ရင် စာမတတ်ဘူး၊ စာဖတ်မှ စာတတ်မည် ဖြစ်ပါတယ်။ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလေ့လာ ဖတ်ရှုဖို့လိုကြောင်း၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားဖို့လိုကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယကဆရာကြီး ဦးကျော်မြင့် စာရေးဆရာ(မောင်ယဥ်မိုး)က စာရေးဆရာ တင်ညွန့်ရေးသားသော ပညာပါရာဒိုင်းစာအုပ်မှ "ပညာဟူသည်နှင့် ၂၁ ရာစုနှင့် (C)(၆)လုံးပညာရေး"ဆောင်းပါးအား ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ အငြိမ်းစားကျောင်းဆရာကြီး ဦးကျင်မြင့်၊ ရှေ့နေဦးဝေဇင်၊ စာရေးဆရာတင်နိုင်ဝင်း(ထမင်းစျေး)တို့က အသီးသီးဖြည့်စွက်ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက သိရှိလိုသည် များအား အသီးသီးပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)