တံတားဦးမြို့နယ်ပြည်သူ့စာကြည့်တိုက် အခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

တံတားဦး ဒီဇင်ဘာ ၂၄

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်” စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ပရိသတ်များ စာပေဗဟုသုတ တိုးပွားရေးနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် “လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ”၊ “သူတို့ပြောတဲ့မြန်မာအကြောင်း” ခေါင်းစဉ်များဖြင့်၎င်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင် စာရေးဆရာကိုခန့်(တံတားဦး) က “ခေတ်နှင့်အညီ ဘာသာရပ်ဖွံ့ဖြိုးရေး”၊ “လူငယ်များ အတွက်ဇာတက”နှင့် “ပညာတတ်ဖို့စာဖတ်ရမည်” စသည့်ခေါင်းစဉ်ဖြင့်၎င်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူ ဒေါ်သီတာခိုင်က "ဂုဏ်ယူစရာကြိုးစားစရာ" နှင့် "အမွေခံတစ်ယောက် အမွေပေးသူတစရာ" စသည့်ခေါင်းစဉ်ဖြင့် အသီးသီးအကျယ်တဝင့် ဆွေးနွေးကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများမှ မိမိတို့ဖတ်ရှု လေ့ထားကြသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ကျပန်းစကားပြောပြိုင်ပွဲကျင်းပပေးသည်။  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ အဖွဲ့တို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အစည်းအဝေးများကိုလည်း စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)