နောင်မွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါအကြောင်း အသိပညာပေးက ကာကွယ်ဆေးစတင်ထိုးနှံ

 နောင်မွန်  အောက်တိုဘာ  ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ရောဂါအကြောင်း အသိပညာ ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီခန့်က နောင်မွန်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်ပိုင်စိုးက ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်း မိန်းကလေးငယ်များကို အောက်တိုဘာ (၂၆)ရက်မှ အောက်တိုဘာ(၂၇)ရက်နေ့ထိ သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်သည်။ (၂၀၁၈) ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်အမျိုးသမီး(၆)သိန်းခန့်တွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် (၃) သိန်းကျော် သေဆုံးခဲ့ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ(အသက်အရွယ်အားလုံး)တွင်ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ ၂၃.၅ % ဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာသည်ပင် အသက်(၁၅)နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့် အပြင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာလူနာများတွင် DNA GeneXpert HPV Assay စစ်ဆေးရာ ၈၆ % သော လူနာများ၌ HPV ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါပိုးတွေ့လူနာများ၏ ၈၂ % တွင် အန္တရာယ်များသော အမျိုးအစားများဖြစ်သည့် (၁၆) နှစ်နှင့် (၁၈) နှစ် ကူးဆက်ခံရကြောင်း ပြောကြားခဲ့ပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်း ကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ HPV ကာကွယ်ဆေးအကြောင်း သိကောင်းစရာ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့်ကုသခြင်း၊ HPV ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့် HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အတွက် ကုန်ကျစရိတ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ သည်။

ယင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ ဌာနဆိုင်ရာများနှင့် ကလေးမိဘများ တက်ရောက်ပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

မြနန်း (ပြန်/ဆက်)