(၃၇)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ မိုးညှင်းတွင်ကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၂၆

(၃၇)ကြိမ်မြောက် ကချင်ပြည်နယ် လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို မိုးညှင်းမြို့ အရှေ့စု ရပ်ကွက်ရှိ ဥတ္တရာမ ကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီမှစ၍ ကျင်းပရာ မြို့နယ် အသီးသီးရှိ ကျောင်းတိုက်များမှ စာဖြေ သံဃာတော်များနှင့် စာဖြေသီလရှင် ဆရာလေးများ စုစုပေါင်း ၁၀၂ ပါး ဝင်ရောက် ဖြေဆို ခဲ့ကြသည်။

အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို ယခုလ ၂၅ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ရာ စာဖြေ ပထမနေ့တွင် ပထမကြီးတန်း ၈ ပါး၊ ပထမလတ်တန်း ၁၃ ပါး၊ ပထမငယ်တန်း ၃၆ ပါးနှင့် မူလတန်း ၄၅ ပါး ဖြေဆို ခဲ့ကြသည်။

စာဖြေသံဃာတော်များနှင့် သီလရှင် ဆရာလေးများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်အဆင့် ဌာန ဆိုင်ရာ များက ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးပေးခန်းများ ဖွင့်လှစ်ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ပြည်နယ် အတွင်းရှိ မြို့နယ်များတွင်လည်း အလားတူ စာမေးပွဲကို တစ်ချိန်တည်းဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် သာသနာရေး ဦးစီးဌာနမှ သိရသည်။

ယခု ကျင်းပသည့် ပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို နှစ်စဉ် ကျင်းပလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် စာဖြေသံဃာနှင့် သီလရှင်ဆရာလေး စုစုပေါင်း ၁၁၁ ပါး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)