မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအဌမအကြိမ်မြောက် ချေးငွေ ထုတ်ချေး နိုင်ရေးအတွက် ကော်မတီသစ်ရွေးချယ်ဖွဲ့စည်း

မယ်စဲ့ အောက်တိုဘာ ၂၇     

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာ ၁၂ ရွာကို ရှစ်ယူနစ်ဖြင့် တစ်ယူနစ်လျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြစိမ်းရောင် စီမံကိန်းအားအဌမအကြိမ်မြောက်အဖြစ် ချေးငွေပြန်လည်ထုတ်ချေးနိုင်ရန် ကော်မတီသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို အောက်တိုဘာလ ၂၆ ရက်က ကျောက်စု ကျေးရွာ ခန်းမဆောင်၌ ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဌ ခရိုင် ဦးစီးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦး တို့က ကျေးရွာနေပြည်သူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းကမ်းချက်များနှင့်အညီ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက် စေလိုကြောင်းနှင့် နောင်သားစဉ်မြေးဆက်ထိတိုင်အောင် အကျိုးခံစားခွင့်ရရှိမည့်အပြင် ရရှိလာ သည့်အတိုးများကိုလည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျေးရွာအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မည့် ကော်မတီဝင်(၇)ဦးကို မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းကြသည်။

အခမ်းအနားသို့ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြစိမ်းရောင်အဖွဲ့ဝင်ကျေးရွာသူ၊ ကျေးရွာသား များ တက်ရောက်ကြကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)