ထား၀ယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အဖြစ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

ထား၀ယ် ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား/သူများအ‌နေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကို သိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုရရှိလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက လူငယ်နှင့်လွတ်လပ်ရေးအောင်ပွဲ ခေါင်းစဉ်ဖြင့် စာစီစာကုံးပါဝင်ယှဉ်ပြိုင်နေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဆောင်ရွက်ချက်မှတ်တမ်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြပြီးပျော်ပွဲရွှင်ပွဲများဖြစ်သော အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ စကားပုံဆက်ပြိုင်ပွဲများကို ပျော်ရွင်စွာဖြင့်ကစားခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)