လေးမျက်နှာမြို့နယ်၊ ‌ရှမ်းရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ

လေးမျက်နှာ  ဖေဖော်ဝါရီ   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဦးဆောင် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပြည်သူများ နှင့်အတူ ဆွေးနွေးကြရာ ဒု-မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး နော်တပိုးရာက စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေး နည်းစနစ်မှန်ကန်ရေး၊ ပိုးသတ်ဆေးစနစ် တကျသုံးစွဲစေရေးနှင့် စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကိုလည်း‌ကောင်း၊ ဒု-မြို့နယ်ကျေး/လက်ဦးစီးမှူး ဒေါ်ဝါဝါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ VDP ကျေးရွာ စီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို မိမိတို့ဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်းကောင်း၊ မြို့နယ်ကုသ/ကျန်းမာရေးမှူး‌ ဒေါက်တာစုစုလှိုင်က လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများကိုလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လူငယ်ရေးရာကော်မတီကိုယ်စားလှယ် ဒေါ်ဌေးဌေးစန်းက လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူငယ်ရေးရာမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်လဲ့လဲ့အောင်က ရေချိုငါး လုပ်ငန်း ဥပဒေ (၄/၂၀၁၈)နှင့် နည်းဥပဒေ (၁/၂၀၁၉) တွင် ပြဋ္ဌာန်းထားသော ငါးလုပ်ငန်း ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဖြေကြား ပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)