သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်

နေပြည်တော်    ဖေဖေါ်ဝါရီ   ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဥတ္တရခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၃၀) ဦးအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း ညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှု၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှုစသည့် ဘာသာရပ်များကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ (၂၈) ရက်နေ့အထိ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)