ကျောက်ပန်းတောင်းမြို့နယ် ကြည်ကုန်းကျေးရွာနှင့် ထန်းတော်ကြီးကျေးရွာ တို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြည်ကုန်းကျေးရွာနှင့် ထန်းတောကြီး ကျေးရွာတို့တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ သွယ်တန်း ရယူသည့် လျှပ်စစ်မီးဖွင့်ပွဲများကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြည်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲတွင်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြည်သူ့အစိုးရလက်ထက်တွင် လျှပ်စစ်မီးရရှိရေး လမ်းပန်းဆက်သွယ်ရေးများနှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဦးစားပေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျောက်ပန်းတောင်း မြို့နယ်အတွင်း အစိုးရသစ် တက်လာပြီး နောက်ပိုင်းကာလ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်လျှပ်စစ်မန်နေဂျာဦးစိုးမြင့်က လျှပ်စစ်ကို အန္တရာယ်ကင်းရှင်းစွာအသုံး ပြုနိုင်ရေး ပညာပေးဟောပြောပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းသန်းထွန်းဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးစိုးမြင့်က ထရန်စဖော်မာ မိန်းခလုတ်ကို တင်၍ ကျေးရွာသို့ လျှပ်စစ်မီးစတင် ဖြန့်ဝေပေးခဲ့ကြောင်း သိရပြီး ညနေ ၅ နာရီခွဲတွင်  ထန်းတောကြီး ကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

အဆိုပါကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ် ဦးစီးမှူး ဦးကျော်ပြေငြိမ်း၊ မြို့နယ်လျှပ် စစ်မန်နေဂျာ ဦးစိုးမြင့်၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးသန့်စင်ဝင်း နှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)