ကျုံပျော်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပ

ကျုံပျော် ဇန်နဝါရီ ၃

လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို အနာဂတ်၏ ကြယ်ပွင့်များဖြစ်ကြမည့် ကျောင်းသား၊ ကျောင်းသူများ တန်ဖိုးထားထိန်းသိမ်းတတ်စေရန်အတွက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ မိမိနိုင်ငံ၏ ကိုယ့်ထီး ကိုယ့်နန်းဖြင့် နေထိုင်ခဲ့ပုံ၊ နယ်ချဲ့တို့၏ အကြိမ်ကြိမ် ရန်စကျူးကျော်ပုံ၊ သူ့ကျွန်ဘဝကျရောက်ခဲ့ရပုံနှင့် လွတ်လပ်ရေးရရှိအောင် အသက်သွေးချွေးများစွာ စတေး၍ ကြိုးပမ်းခဲ့ရပုံတို့ကို ဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်းက လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ အနှစ်သာရတို့နှင့်စပ်လျဉ်း၍ မလွတ်လပ်မီနှင့် လွတ်လပ်ခြင်း၏ အဓိပ္ပါယ်၊ သူ့ကျွန်ဘဝ နိမ့်ကျခဲ့ရမှုများ၊ နိုင်ငံကျော် အားကစားသမားနှင့် စာပေပညာရှင်နှစ်ဦး၏ သူ့ကျွန်ဘဝရောက်ရှိစဉ်က တိုင်းတစ်ပါးသွားသည့်အခါ နှိမ်ချစွာ ဆက်ဆံခံခဲ့ရမှု အတွေ့အကြုံများ၊ လွတ်လပ်သော တိုင်းပြည်လူမျိုးတို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသိန်းစိုး၊ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်နှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး၊  ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)