ဒေးဒရဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲများ စဥ်ဆက်မပြတ် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးရေးရာအဖွဲ့ဝင် ဒေါ်ဝင်းဝင်းခိုင်က လူကုန်ကူးမှုဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ လူကုန်ကူးမှုကျူးလွန်သူများ ပြုလုပ်သည့် အဆင့်များ၊ လူကုန်ကူးခံရသူများ ကြုံတွေ့ရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း