မံစီ ဇန်နဝါရီ ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဂျိန်းဖော့မြေရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုတတ်လာစေရန်၊ စာကြည့်တိုက်ကို လာရောက်အသုံးချတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ယနေ့လူငယ် နောင်ဝယ်လူကြီး ငယ်ရွယ်စဉ်မှစ၍ စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးများကိုလည်ကောင်း၊ ဒုတိယဉီးစီးမှူး ဒေါ်မြတ်နန်းခိုင်က မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် စာအုပ်စာပေများအကြောင်းကို မိတ်ဆက်ရှင်းလင်းခြင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်တိုးလေးက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် ကလေးသူငယ်အလုပ်သမားပပျောက်ရေး၊ ကလေးစစ်သားအသုံးမပြုရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)