ဒေးဒရဲမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ (၁) နာရီက  ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊  ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်လာစေရေးအတွက် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေခေါင်းစဥ်ဖြင့် ကျင်းပပေးခဲ့ပြီး ဥာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကိုကျင်းပရာ  ကျောင်းသား၊ ကျောင်းသူလေးများက တပျော်တပါးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း