ကာမိုင်းမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ

ကာမိုင်း  အောက်တိုဘာ ၂၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။

ရှေးဦးစွာ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်နီလာဆွေက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များ၏ လုပ်ငန်းတာဝန်ရပ်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ရွေးကောက်ပွဲ တာဝန်ရပ်များအတွက် စစ်ဆေးရန်အတွက် ကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးမြတ်ကိုကိုက ကြိုတင်မဲပေးခြင်းဆိုင်ရာ များကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးသန်းထွန်းဦးက မဲရုံဖွင့်လှစ်ခြင်းနှင့် မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲပေးခြင်း သရုပ်ပြလေ့ကျင့် ခြင်းကိုလည်းကောင်း၊ ကာမိုင်းမြို့ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးထက်က ကိုဗစ်-၁၉ နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်များကိုလည်းကောင်း၊ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ရွှေက ခိုင်လုံမဲ/ပယ်မဲများနှင့် နမူနာပုံစံများကိုလည်းကောင်း ဆွေးနွေး ပို့ချပေးပြီး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးအောင်ကျော်သူက ပုံစံများဖြည့်သွင်း ခြင်းနှင့် လိုအပ်ချက်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ သင်တန်းနည်းပြ ခုနှစ်ဦးဖြင့် ကာမိုင်းမြို့ပေါ် ရပ်ကွက်/ ကျေးရွာအုပ်စု ခုနှစ်စုနှင့် လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စု ငါးစုတို့မှ  မဲရုံ ၁၈ ရုံ အတွက် မဲရုံမှူး ၁၈ ဦးနှင့် ဒုမဲရုံမှူး ၁၈ ဦး စုစုပေါင်း သင်တန်းသား/သူ ၃၆ ဦးတို့ကို ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်းကို မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)