ကျုံပျော်မြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကျုံပျော် ဇန်နဝါရီ ၃

လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏အနှစ်သာရကို အနာဂတ်၏ကြယ်ပွင့်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများ မမေ့လျှော့စေရန်၊ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ပြိုင်ပွဲသို့ Grade 10၊ Grade 11 နှင့် Grade 12 တို့မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်သက်ပိုင်ဖြိုး၊ မောင်ဖြိုးကိုကိုထွန်း၊ မောင်ပြည့်ဖြိုးပိုင်၊ မမျိုးသီရိခိုင်နှင့် မောင်မင်းသုခတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်ခေါင်းစဉ်များမှာ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် ကမ္ဘာတည်သရွှေ့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့၊ လွတ်လပ်ရေးကို အခြေတည်သွေးစည်းချစ်ကြည် လက်တွဲညီကြမည်၊ လွတ်လပ်ရေးသည် နိုင်ငံတော်၏ အသက်သွေးကြောဖြစ်သည် စသည့်ခေါင်းစဉ်များ ဖြစ်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက မိမိယှဉ်ပြိုင်ရမည့် ပြိုင်ပွဲခေါင်းစဉ်အား မဲနှိုက်ရွေးချယ်ခဲ့ကြပြီး၊ တစ်ဦးချင်း အလှည့်ကျစနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ အကဲဖြတ်ဒိုင်များက ဝတ်စားဆင်ယင်မှု၊ ဖြတ်ထိုးဉာဏ်၊ ခေါင်းစဉ်နှင့် လိုက်ဖက်မှု၊ အချက်အလက် မှန်ကန်မှု၊ သံနေသံထား၊ ပရိတ်သတ်ကို ဆွဲဆောင်နိုင်မှု၊ ကိုယ်နေဟန်ထား စသည့်အချက်များဖြင့် အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲသို့ ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးသိန်းစိုး၊ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ အသီးသီးတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ပထမဆုကို မောင်ပြည့်ဖြိုးပိုင်၊ ဒုတိယဆုကို မောင်ဖြိုးကိုကိုထွန်းနှင့် တတိယဆုကို မောင်မင်းသုခတို့က အသီးသီးရရှိခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)