မန္တလေးမြို့တွင် ဈေးကွက်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလျှောက်ထားနိုင်ကြောင်း မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂၆

အမေရိကန်နိုင်ငံတကာစီးပွားရေးအေဂျင်စီ (USAID) စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကုန်ထုတ်စနစ်များဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေလျှောက်ထားနိုင်မှု အကြောင်း မိတ်ဆက်ခြင်း အခမ်းအနားကို မန္တလေးမြို့ရှိ Hilton Hotel တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်သည်။

အဆိုပါ မိတ်ဆက်အခမ်းအနားတွင် USAID မှ ကျွမ်းကျင်ပညာရှင် ဦးခွန်သိန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး တာဝန်ရှိသူများက စီမံကိန်း အကြောင်းနှင့် ရန်ပုံငွေလျှောက်ထားမှုဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများ၏  မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

USAID ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကုန်ထုတ်စနစ် ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်၍ ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ် တိုးတက်ရေးအလို့ငှာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကုန်ထုတ်စနစ် ပြောင်းလဲဖွံ့ဖြိုးမှုမှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ စိုက်ပျိုးရေးဈေးကွက်စနစ်တကျ ပြောင်းလဲလာမှုများ အတွက် ဦးဆောင်နိုင်ရန် ရန်ပုံငွေများ ထောက်ပံ့ကူညီပေးသွားမည် ဖြစ်သည်။

ယင်းစီမံကိန်းကို ဖော်ဆောင်ရာတွင် စိုက်ပျိုးရေးကဏ္ဍအတွင်းမှ အရေးပါသည့် ဈေးကွက်အစိတ် အပိုင်းတိုင်းတွင် ပူးပေါင်းပါဝင်နေကြသည့် လုပ်ကွက်ငယ် တောင်သူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံတိုင်းရင်းသားများ၏ ကုန်ထုတ်စွမ်းအား၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်စွမ်းအား များကို မြှင့်တင်နိုင်ရန် စီစဉ်ရေးဆွဲထားခြင်းဖြစ်ကြောင်း အဆိုပါစီမံကိန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် အရင်းအမြစ်များရှိပြီး စိုက်ပျိုးရေးဈေးကွက်စနစ်များ ခိုင်မာလာစေရန် ပူးပေါင်းရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိလုပ်ငန်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ စသည့် ဈေးကွက်အတွင်း ပါဝင်ပတ်သက်သူများနှင့်အတူတကွ လက်တွဲလုပ်ဆောင်မည့်သူများကို အဆိုပြုလျှောက်လွှာခေါ်ယူခြင်း ဖြစ်ကာ ယင်းအဆိုပြုလွှာခေါ်ယူမှု ပူးပေါင်းဆောင်ရွက်ခြင်းမှသည် လုပ်ကွက်ငယ်တောင်သူများ အထူးသဖြင့် ဒေသခံတိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များ၏ ဈေးကွက်လက်လှမ်းမီမှု၊ စိုက်ပျိုးရေး ဝန်ဆောင်မှုများနှင့် သွင်းအားစုများကိုရရှိခြင်းတို့ကို ဟန့်တားနေသည့် အတားအဆီး အခက်အခဲများ ကို ကူညီဖြေရှင်းသွားမည် ဖြစ်သည်။

၎င်းစီမံကိန်းသည် မိတ်ဖက်များကို နည်းပညာ၊ စီးပွားရေးနှင့်ဈေးကွက်မြှင့်တင်ရေး ကျွမ်းကျင်မှု၊ အကြံပေးထောက်ပံ့မှုနှင့် လမ်းညွှန်ပေးခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ပေးခြင်း၊ ချိတ်ဆက်မှုများကို ခိုင်မာစေခြင်း၊ ဈေးကွက်တွင်းပါဝင်သူများ၏ အရေးကြီးသည့် စီးပွားရေးဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် လေ့လာတွေ့ရှိချက်များအား သတင်းအချက်အလက်ပေးခြင်း၊ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအသစ်အတွက် ဈေးကွက်စနစ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနှင့်အတူ မျှဝေကျခံခြင်းစသည့် နည်းပညာ အထောက်အပံ့များ၊ အရင်းအမြစ်များဖြင့် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း သိရပြီး အလားတူမိတ်ဆက်ပွဲ များကို ရန်ကုန်မြို့နှင့် တောင်ကြီးမြို့များတွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)