မအူပင် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ တိုးပညာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လေးအိမ်စုအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) ဆရာမ ဒေါ်စုစုသိန်းက အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့် ကိုယ်ကျင့်တရား အကြောင်းအရာများအား အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဆရာကြီး ဦးကျော်ဦး (လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း) မှ မှတ်ဉာဏ်ကောင်းအောင်ဘယ်လို လုပ်မလည်း ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ လေးအိမ်စုအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြပြီး ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား တာဝန်ရှိသူများက ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)