မံစီ အောက်တိုဘာ ၂၇
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၀)ကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာတွင် မြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၈)အုပ်စုအတွင်း မဲရုံ(၃၉)ရုံထားရှိ သွားမည်ဖြစ်ပြီး မဲရုံအားလုံးကို ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး နယ်မြေအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သုံးသပ်တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)