ပလက်ဝမြို့ပေါ် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းပို့ချ

ပလက်ဝ  အောက်တိုဘာ  ၂၈

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ မဲရုံ(၁၀)တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာတာဝန် လုပ်ငန်းခွင်သင်တန်းပို့ချခြင်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာကျော်က အဖွင့်အမှာစကား ပြောကြားရာ တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုလို သင်တန်းပို့ချရခြင်းဖြစ်ကြောင်း၊ မဲရုံမှူး၊ဒုမဲရုံမှူးများ အနေဖြင့် တာဝန်ကျေပြွန်စွာ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ် ဥပဒေအရာရှိ ဦးပိုင်ထွေး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးအောင်ကျော်နှင့် ကျန်းမာရေးဦးစီးဌာနမှ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်ညွန့်ဖြူတို့က  မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် သတင်းမှတ်တမ်းရယူကြသူများ လိုက်နာရမည့် အချက်များနှင့် မဲရုံအတွင်း ကျန်းမာရေးဆိုင်ရာ စီမံဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပို့ချခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မဲရုံမှူး၊ဒုမဲရုံမှူးနှင့် အဖွဲ့ဝင် (၄၄)ဦးတက်ရောက်လျက်ရှိပြီး (၂)ရက်ကြာ သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကျော် (ပလက်ဝ)