ကော့သောင်း ဖေဖေါ်ဝါရီ ၂၆
ကော့သောင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျွန်းများတွင် နေထိုင်ကြသည့် ဆလုံလူမျိုးများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဟံသာဝတီခန်းမ၌ ကော့သောင်းမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကနဦး ရှေ့ပြေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆောင်ရွက်ပေးမှုတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျွန်းရွာများဖြစ်သည့် မကြုံဂလက်ကျေးရွာ၊ ဂျလန်းကျွန်းကျေးရွာနှင့် ဇာဒက်ကြီး ကျေးရွာများတွင် နေထိုင်ကြသည့် ဆလုံလူမျိုး(၅၂) ဦးအား ကော့သောင်း မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစောဝင်းကြည် ဦးဆောင်သည့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ရှေ့ပြေးပုံစံ ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း စသည့် လုပ်ငန်းများ ကနဦးဆောင်ရွက်ပေးခဲ့ကြရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကော့သောင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး မိမိတို့မြို့နယ်အတွင်းရှိ ပင်လယ်ကျွန်း များတွင် နေထိုင်ပြီး ပင်လယ်အတွင်း လှည့်လည် လုပ်ကိုင် စားသောက်ကြသည့် လူနည်းစု ရှားပါး လူမျိုးစုများဖြစ်သည့် ဆလုံလူမျိုးများ၏ လူမှုဘဝ တိုးတက်ဖွံ့ဖြိုး ကောင်းမွန်လာရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)