ကာလိ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဟောပြောပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ သိရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကလေးသူငယ်အခွင့်အရေး (၄)ရပ်၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းဆိုင်ရာများနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့်အကြောင်းအရာများ အသိပညာပေးဟောပြောခဲ့ပြီး အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်ဆိုင်ရာ အကြမ်းဖက်ခြင်းမခံရစေရန် အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှု့စေလိုကြောင်း အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)