ကလောမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ကလော ဇန်နဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီက အောင်ပန်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အောင်ပန်းမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေး တတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ဆွေးနွေးသူ အဖြစ်ပါဝင်ပြီး အောင်ပန်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ  Grade-11 ကျောင်းသား မောင်ထက်ဝေလင်းက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade -10 ကျောင်းသူ မနန်းသိင်္ဂီထွန်းက   လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်ကျော်ထွန်းနိုင်က လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နိုင်လင်းထက်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား  မောင်ကျော်ထွန်းခိုင်က   လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မမေဇင်ဦးက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် နှင့်ပါဝင်ဆွေးနွေးသူများက အသီးသီး  ပြန်လည်ဖြေကြားပေးခဲ့သည်။ လူငယ်စကားဝိုင်းသို့ အောင်ပန်းမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၃၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက် )