မိုင်းယောင်း ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က လူငယ်လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသာမက ဘဝအတွက်လိုအပ်သည့် ဗဟုသုတများ၊ စွမ်းဆောင်ရည်၊ အတွေးအခေါ် အယူအဆမြင့်မားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး “စာဖတ်ဝါသနာ ပြုစုပျိုးထောင်ပါ”အကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက “စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများဖန်တီးနိုင်မည်”အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က “အသိဉာဏ်ပညာမြင့်မားခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း”အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး လူငယ်ရေးရာဆိုင်ရာ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲတို့ကို ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)