အ.ထ.က (၁) ပင်းတယ၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

ပင်းတယ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ဆူးဗိုလ်ကုန်းရပ်ကွက် အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ပင်းတယ)၊ မြတ်ရတနာခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က လေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်လာစေသည့် အကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးဆိုးကျိုးများ အစရှိသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ လေ့လာဖတ်ရှုစေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)